ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ''ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာလူထုနဲ့အတူရပ်တည်နေပါတယ်''

ဓာတ်ပုံ ရင်းမြစ်, APHR
လူအခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အဖွဲ့ဝင် လွှတ်တော်အမတ်တွေက ဒီနေ့ ကျရောက်တဲ့ မြန်မာစစ်အာဏာသိမ်း ၅ နှစ်ပြည့်အတွက် သူတို့ရဲ့သတင်းစကားတွေကို ထုတ်ပြောလာကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ လွှတ်တော်အမတ် လိုင်လာဒီလီမာက "၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းဝေးတွေကတဆင့် မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဘေးဒုက္ခဆိုးတွေအတွက် ရေရှည်တည်တံ့တဲ့ဖြေရှင်းနည်းတွေ ရှာဖွေဆောင်ရွက်သင့်တယ်" လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာတုန်းကလည်း မြန်မာက ချိုးဖောက်မှုတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ သံတမန်ရေးဆိုင်ရာလမ်းကြောင်းကနေ ဖြေရှင်းဆောင်ရွက်ဖို့ သူက ဖိလစ်ပိုင်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါသေးတယ်။
မြန်မာနဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့လွှတ်တော်အမတ် ရန်စီမံရုန်းကတော့" မြန်မာ့အရေးဟာ မြန်မာတစ်နိုင်ငံတည်းရဲ့ပြဿနာမဟုတ်ပါဘူး။ မတည်ငြိမ်မှုတွေ၊ ဒုက္ခသည်တွေ၊ နယ်စပ်ဖြတ် ကျော်ရာဇဝတ်မှုတွေနဲ့ လူသားစာနာပြဿနာတွေမှာ နယ်စပ်တွေမှာတင်ရပ်သွားမှာမဟုတ်ဘူး" လို့ပြောထားပါတယ်။
ရန်စီမံရုန်းဟာ ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
''စကားလုံးတွေနဲ့ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ တားနိုင်မှာမဟုတ်သလို ဖိအားမပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေက အရပ်သားတွေကို မကာကွယ်နိုင်ဘူး'' လို့လည်း သူက ပြောထားပါတယ်။
အင်ဒိုနီးရှားလွှတ်တော်ကိုယ်စားလှယ် မာစီ ခရစ္စတီ ဘာရန်းစ်ကတော့ ကတော့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာလူထုနဲ့အတူရပ်တည်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၇,၇၀၀ ကျော်သေဆုံး - AAPP

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် ၂ သောင်းကျော်ဖမ်းဆီးခံထားရဆဲဖြစ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့ဆို ၅ နှစ်ပြည့်ပြီဖြစ်တဲ့ စစ်အာဏာသိမ်းမှုကာလအတွင်း စစ်တပ်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၇,၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်မှာ ဖော်ပြပါတယ်။
သေဆုံးသူ ၇,၇၃၈ ဦးရှိပြီး စစ်တပ်က ၅ နှစ်အတွင်း လူပေါင်း ၃၀,၃၅၇ ကို ဖမ်းဆီးခဲ့ပါတယ်။
ဒီထဲမှာ လူပေါင်းတစ်သောင်းနီးပါးပြန်လွတ်လာပြီဖြစ်ပေမဲ့ အာဏာစသိမ်းကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ကျဥ်း ၂၂,၇၆၇ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
အခုလို ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးဖို့အပါအဝင်အချက် ၄ ချက်ကို ဒီနေ့မှာ ဗြိတိန်က စစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။
''လေကြောင်းတိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုဖို့နဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအပြောင်းအလဲ တစ်ရပ်ဖြစ်ပေါ်လာစေရန်အတွက် စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့'' လည်း ဗြိတိန်က တိုက်တွန်းပါတယ်။
အာဏာသိမ်း ၅ နှစ်ပြည့်ချိန်မှာ စစ်တပ်က သူ့ရဲ့နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးပြုလိုက်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်မှတ်ယူခံရတဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့ပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဒီရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုအပိုင်းနဲ့ တရားဝင်မှုအပိုင်းကို ကန့်ကွက် ပြောဆို မေးခွန်းထုတ်နေပေမဲ့ စစ်ခေါင်းဆောင်ကိုယ်တိုင်ကတော့ ရွေးကောက်ပွဲဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို မျက်နှာ မမူဘူးလို့ ထုတ်ပြောထားပါတယ်။
မကြာသေးခင်က ပြုလုပ်ပြီးစီးသွားတဲ့ စစ်တပ်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုမရှိသလို တရားမျှတမှုလည်းမရှိဘူးလို့ ဗြိတိန်၊ သြစတြေးလျအပြင် ဥရောပ ၂၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂ(EU) ကလည်း ထုတ်ပြန်ထားကြပါတယ်။
ဒီနေ့ ပြည့်တဲ့ စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာလည်း ဥရောပသမဂ္ဂ(EU)က ထုတ်ပြန်ချက် ထုတ်ပါတယ်။
''အကြမ်းဖက်မှု အမျိုးအစားအားလုံးကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့'' EU ရဲ့ တောင်းဆိုချက်မှာ တွေ့ရပါတယ်။
သြစတြေးလျနိုင်ငံကလည်း ''သြစတြေးလျအနေနဲ့ မြန်မာလူထုအပေါ် စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ရက်စက်တဲ့ ဆက်လက်ကြမ်းကြုတ်နေတာတွေကို အစဥ်တစိုက်ရှုတ်ချလာခဲ့ပြီးဖြစ်သလို ဆက်လက်ဝေဖန်နေမယ်'' လို့ ဒီမနက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကလေးမြို့က အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒဖော်ထုတ်နေတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, MOI
စစ်ကိုင်းတိုင်း၊ ကလေးမြို့က မော်လိုက်အကျဥ်းထောင်မှာ နိုင်ငံရေး အကျဥ်းသား၊ အကျဥ်းသူတွေက အကျဉ်းသူ အကျဉ်းသား တန်းတူအခွင့်အရေးရရှိရေး တောင်းဆိုဆန္ဒဖော်ထုတ်နေတယ်လို့ သိရတဲ့အကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်လာပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်ပြည့်နေ့အနေနဲ့ ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ ဆန္ဒထုတ်ဖော်ကြတာလို့လည်း ဆိုပါတယ်။
"ဒီလိုလုပ်ဆောင်ချက်ရှိမယ်ဆိုတာ ထောင်ထဲကနေ အသိပေးလာတာပါ။ ကလေးထောင်မှာ နိုင်ကျဥ်း ၅၀၀ ဝန်းကျင်ရှိပါတယ်" လို့ ကော်မတီရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီနေ့ဆန္ဒထုတ်ဖော်ခဲ့တဲ့ တောင်းဆိုချက်ထဲက အမှုကြီး ၉ မှုကို အပြစ်လျှော့ပေါ့ပေးတဲ့အထဲ ပြန်ထည့်ပေးဖို့၊ အကျဥ်းသား/အကျဥ်းသူ တန်းတူ အချိုးရရေးကို လာမယ့် ဧပြီလမှာ ကျရောက်မယ့် မြန်မာနှစ်ဆန်း ၁ ရက်မှာ နောက်ဆုံးထား သဘောတူပေးဖို့ အကျဥ်းသူတွေက ထောင်အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
''အာဏာမသိမ်းခင်ကဖမ်းထားတဲ့ ပြစ်မှုကြီးတွေ လွှတ်ပေးပြီး နိုင်ငံရေးလုပ်လို့ အတပ်ခံရတဲ့ ပုဒ်မနဲ့ ဖမ်းဆီးထောင်ချခံထားရသူတွေကို လွတ်ငြိမ်းခွင့်ထဲမပါတဲ့အပြင် ထောင်တွင်းခွဲခြားဆက်ဆံခံရတာ အင်မတန်မြင့်တက်နေလို့ အခုလိုတောင်းးဆိုလှုပ်ရှားတာဖြစ်ပါတယ်'' လို့ ကလေးမြို့ သပိတ်ကော်မတီဝင်က ပြောပါတယ်။
တောင်းဆိုချက်တွေ သဘောတူညီမှုမရရင် မြန်မာနှစ်ဆန်း ၂ ရက်နေ့မှာ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းသပိတ်ပြုလုပ်ကြမယ်လို့ ကြေညာထားတဲ့အကြောင်းကိုလည်း ကလေးမြို့ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကတော့ နိုင်ငံတကာရှိအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ကျဥ်းတွေရဲ့အသက်အန္တရာယ် လုံခြုံရေး၊ ညှင်းပန်းနှိပ်စက်ခံရမှု ပပျောက်စေရေးနဲ့ အလျင်အမြန်လွတ်မြောက်ရေးအတွက် စစ်တပ်ကိုဖိအားပေးတာအပြင် ထိရောက်တဲ့ကူညီမှုပေးဖို့ တိုက်တွန်းထားပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်အတွင်း စစ်တပ်က လူပေါင်း ၃၀,၃၅၇ ကိုဖမ်းဆီးခဲ့ပြီး ၂၂,၇၆၇ ဦးမှာ ဖမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်အရ သိရပါတယ်။
မင်းကင်းမြို့နယ်ထဲ ပသုံးလုံးနဲ့ ကျောင်းသားတပ်(SRF)ကြား အခြေအနေတင်းမာ

ဓာတ်ပုံ ရင်းမြစ်, SRF
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပသုံးလုံးယန္တရားဖော် ဆောင်ရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)တို့ အကြား အခြေအနေတင်းမာနေတယ်လို့ နှစ်ဖက်အပြောအရ သိရပါတယ်။
အခွန်ဂိတ်ကိစ္စနဲ့ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ရာမှာ ညှိနှိုင်းမရဖြစ်နေတာကို နှစ်ဖက်အဖွဲ့အစည်းရဲ့ ဖြေကြားချက်အရသိရပါတယ်။
SRF ဘက်ကတော့ ဒီနှစ် ဇန်နဝါရီ ၂၂ ရက်မှာ တပ်ဖွဲ့ရဲ့ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းတောရွာကို NUG က တပ်သားစု ဆောင်းရေး လာရောက်တာလို့ဆိုကာ တပါတည်း ပကဖ နဲ့ ပအဖကိုပါ ဖွဲ့စည်းရာက ပြဿနာပိုတင်းမာလာတာလို့ ဆိုပါတယ်။
SRF ကတော့ ရှမ်းတောရွာအပါအဝင် မင်းကင်းမြို့နဲ့ အနီးနားက ကျေးရွာဝန်းကျင်ကို သူတို့ ထိန်းချုပ်ထားတာလို့ဆိုပြီး ပြောပါတယ်။
နောက်ပြီး ထိန်းချုပ်နယ်မြေထဲက ရွာတွေကို တိုက်နယ်ဖွဲ့ပြီး ၂၀၂၂ ခုနှစ်ကတည်းက ရပ်ကျေး ပကဖ၊ ပအဖ ကို NUG လမ်းစဥ်အတိုင်း ဖွဲ့စည်းထားပြီးသားဖြစ်တယ်လို့ SRF တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရှမ်းတောရွာတစ်ရွာတည်း အုပ်ချုပ်ရေး ၂ ဖွဲ့ဖြစ်နိုင်တဲ့ကိစ္စကနေ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာတဲ့အထိ ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီကာလမှာ ရှမ်းတောက စစ်ရေးတင်းမာနေတဲ့ နှစ်ဖက်တပ်ကို ဒေသခံတွေဘက်က ဆုတ်ဖို့ အိတ်ဖွင့်ပေးစာရပေမဲ့ ပသုံးလုံး ဘက်က မဆုတ်လို့ ဒေသခံတွေက ဆန္ဒထုတ်ဖော်မှုတွေရှိခဲ့ပါတယ်။
မနေ့ကတော့ ဒေသခံတချို့က SRF ကို ဆန္ဒထုတ်ဖော်တာရှိပါတယ်။
SRF က တပ်သားစုဆောင်းထားသူတွေကို လွှတ်ပေးဖို့နဲ့ ငွေကြေးကောက်ခံတာတွေအပေါ် ကန့်ကွက်ဆန္ဒထုတ် ဖော်ကြတာလို့ အခြေအနေ သိသူက ပြောပါတယ်။
NUG ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ရဲ့အပြောအရ မင်းကင်းနယ်ထဲမှာ ရေလမ်း၊ ကုန်းလမ်းအခွန်ဂိတ် ၃၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
NUG ပအဖဘက်ကတော့ မြို့နယ်တွင်းမှာ အခွန်ဂိတ်တွေ ဖောင်းပွနေတာကြောင့် စုစည်းပြီး ပအဖကနေတဆင့် ပြန်လည်ခွဲခြမ်းပေးဖို့ စီစဥ်နေရာမှာ ဒေသခံအဖွဲ့နဲ့ ညှိနှိုင်းမရမှုတွေ ပိုတိုးလာတာလို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ဆန္ဒထုတ်ဖော်ခံရတာနဲ့ ပတ်သက်လို့ SRF ကတော့ လူနည်းစုသာဆန္ဒပြတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းကလည်း မင်းကင်းနယ်ထဲမှာ NUG ရဲ့ရွှေမျောလုပ်ကွက်ချထားပေးမှုနဲ့ ပတ်သက်လို့ဒေသခံတွေဘက်က ကန့်ကွက်ဆန္ဒထုတ်ဖော်တာလည်း ရှိခဲ့ပါတယ်။
အာဏာသိမ်း ၅ နှစ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အကြိမ် ၉၀၀ အထိဖြစ်ခဲ့ - WLB

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းဖြစ်ပေါ်လာခဲ့တဲ့ပဋိပက္ခတွေအတွင်း စစ်တပ်နဲ့ တော်လှန်ရေးလက်နက်ကိုင်တို့ နှစ်ဖက် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အနည်းဆုံး ၉၀၀ ရှိတယ်လို့ ဒီအခြေအနေကို စောင့်ကြည့်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB)က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ လိင်နဲ့ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု ၂၀၉ မှုရှိခဲ့တယ်လို့လည်း WLB က ဖေဖော်ဝါရီ ၁ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီထဲမှာ အိမ်တွင်းအကြမ်းဖက်မှုက ၁၄၅ မှုနဲ့ အများဆုံးဖြစ်ပြီး မုဒိမ်းမှု ၂၈ မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်/စော်ကားနှောင့်ယှက်မှု ၃၆ မှု၊ လူကုန်ကူးမှု ၆ မှု၊ အတင်းအဓမ္မ လက်ထပ် ထိမ်းမြားစေမှု ၂ မှုနဲ့ ဆိုက်ဘာအနိုင်ကျင့်မှု ၁ မှု ဖြစ်ခဲ့ပါတယ်။
အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ပြောပြချက်နဲ့ ဘီဘီစီရဲ့ စုံစမ်းမေးမြန်းချက်အရ ပဋိပက္ခအတွင်းဖြစ်ပေါ်တဲ့ လိင်အကြမ်းဖက်မှုတွေဟာ အခုကာလအတွင်း တရားမျှတမှုရရှိဖို့ အခက် အခဲများစွာရှိနေတာတွေ့ရပါတယ်။
လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုချက်တွေ ပြန့်နှံ့လာမှ အမှုကို ကိုင်တွယ်စစ်ဆေးတာရှိပြီး တရားစီရင်ရေးအတွက် အချိန်ကြန့်ကြာနေတာအပြင် ပွင့်လင်းမြင်သာမှုမရှိတဲ့အပိုင်းကိုလည်း တော်လှန်ရေးနဲ့ စစ်တပ်ထိန်းချုပ်နယ်မြေ ၂ ခုလုံးမှာ တွေ့နေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် ကလည်း မြန်မာက ကလေးတွေအပါအဝင် အသက်အရွယ်နဲ့ ဂျဲန်ဒါပေါင်းစုံဟာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက် ညှဉ်းပန်းမှု၊ အခြားလိင်နဲ့ ဂျဲန်ဒါအခြေပြု ရာဇဝတ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှု ငါးနှစ်ကြာလာပေမဲ့ မြန်မာနိုင်ငံအတွင်း အရပ်သားတွေကို ကျူးလွန်တဲ့ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း IIMM က ပြောထားပါတယ်။
ဒီလိုကျူးလွန်မှုတွေမှာ စစ်တပ်ရဲ့ကျူးလွန်မှုတွေအပြင် အတိုက်အခံလက်နက်ကိုင်အဖွဲ့တွေကလည်း ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ တိုးနေပြီး IIMM က စုံစမ်းစစ်ဆေးနေတယ်လို့ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရွေးကောက်ပွဲကာလ စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၀ ရှိ - ကုလသမဂ္ဂ

ဓာတ်ပုံ ရင်းမြစ်, The Kachin Net
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း ပြုလုပ်နေချိန် နိုင်ငံတ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၇၀ ဦး သေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
"ယုံကြည်ရတဲ့သတင်းအရင်းအမြစ်တွေအရ'' အရပ်သားသေဆုံးမှုအရေအတွက်ကို ကောက်ယူထားတာလို့ ကုလလူ့အခွင့်အရေးရုံးက ဇန်နဝါရီလ ၃၀ ရက်မှာပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာကနေ ဇန်နဝါရီနောက်ဆုံးပတ်အထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၄၀၈ ကြိမ်ရှိတယ်လို့လည်း ဆိုပါတယ်။
ကနဦးသတင်းတွေအရ ဇန်နဝါရီ ၂၂ ရက်မှာ စစ်တပ်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၅၀ သေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့နယ်ထဲက ကောင်ဂျာထီးလင်းရွာထဲမှာ နာရေး ဝတ်ပြုဆုတောင်းဖို့ပြင်နေတဲ့သူတွေရှိတဲ့နေရာကို ဗုံးကြဲခဲ့တာကို ကုသသမဂ္ဂ လူ့အခွင့်အရေးရုံးက ရည်ညွှန်း ပြောဆိုတာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် တိုက်ခိုက်မှုဖြစ်တဲ့နေရာမှာတင် သေဆုံးတဲ့အရပ်သား ၂၁ ဦးရှိတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အဲဒီတုန်းက ဘီဘီစီကို အတည်ပြုခဲ့ပါတယ်။
အခုတော့ ဒီဖြစ်ရပ်အပါအဝင် ရွေးကောက်ပွဲကာလ လေကြောင်းတိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထောက်ပြလာတာဖြစ်ပါတယ်။
စစ်တပ်ဦးဆောင်ကျင်းပတဲ့ရွေးကောက်ပွဲကို နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အတုအယောင်ရွေးကောက်ပွဲလို့ ရှုတ်ချပြောဆိုထားတာပါ။
ရွေးကောက်ပွဲရလဒ်ကလည်း စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကပဲ အများစုနိုင်ခဲ့တာပါ။
ပြည်တွင်းစစ်နဲ့ ပဋိပက္ခဖြစ်နေချိန် စစ်အာဏာသိမ်းမှုအောက် ပြုလုပ်တဲ့ အခုတစ်ခေါက် မြန်မာရွေးကောက်ပွဲဟာ မြန်မာ့ရွေးကောက်ပွဲသမိုင်းမှာ မဲပုံးမထောင်နိုင်ခဲ့တဲ့ မြို့နယ်အများဆုံးဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်နိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲကာလအတွင်း ဒီထဲက နယ်မြေတချို့အပေါ် မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းကနေ ဖိအားပေးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
"အတိုက်အခံကိုယ်စားလှယ်တွေနဲ့ တချို့တိုင်းရင်းသားအစုအဖွဲ့တွေလည်း ဖယ်ကျဥ်ခံထားရတယ်" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ရွေးကောက်ပွဲပထမပိုင်း အပြီးမှာ ထောက်ပြထားပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကတော့ မြန်မာ့ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးအတွက် အဖြေလို့ သူ မထင်တဲ့အကြောင်း ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ပြောထားပါတယ်။








